လူငယ်တွေ ဘာကြောင့် တော်တော်နဲ့ ညမအိပ်ဖြစ်ကြတာလဲ
ဒီဘက်ခေတ် (၂၁) ရာစုမှာ လူငယ်တွေအများစု ညအိပ်ခက်ခဲတဲ့ ပြဿနာနဲ့ ပိုပြီးကြုံတွေ့လာကြသလို တမင်တကာ ညမအိပ်တတ်ကြတဲ့ အကျင့်တွေကိုလည်း အတွေ့များလာကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ညမအိပ်ကြတဲ့ အကြောင်းရင်းတွေ တူချင်မှတူနိုင်ပေမယ့် လူငယ်အများစုမှာတော့ ခုပြောပြမယ့် အကြောင်းရင်းတွေကြောင့် ညမအိပ်ကြတော့တာပဲ ဖြစ်ပါတယ်။
အကြောင်းရင်း (၁) - ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှု
ဆိုရှယ်မီဒီယာတွေက နေ့စဉ်နဲ့အမျှ ခေတ်စားလာကြသလို ကျွန်တော်တို့ မြန်မာနိုင်ငံက လူငယ်အများစုအတွက်တော့ Facebook လိုမျိုး ဆိုရှယ်မီဒီယာတွေရဲ့ တစ်နေ့တာကို ကောင်းကောင်းလွှမ်းမိုးလာပါတယ်။ တစ်နေ့တစ်နေ့ အချိန်နဲ့အမျှ update ဖြစ်နေသလို သတင်းပေါင်းစုံ၊ အခြေအနေပေါင်းစုံကို လက်လှမ်းမီသိလာနိုင်တဲ့အခါ လူငယ်တွေအတွက်လည်း ဒီဆိုရှယ်မီဒီယာကို ပိုပြီးစွဲလမ်းလာကြတာပဲ ဖြစ်ပါတယ်။
အကြောင်းရင်း (၂) - Night Life ကို ခုံမင်လာမှု
ခေတ်ကြီးက ပြောင်းလဲလာတာနဲ့အမျှ ဘော်ဒါတွေနဲ့ အမြဲလိုလို ကလပ်တွေတက်၊ ဘားတွေသွားရင်း အရက်လေး နည်းနည်းမှမဝင်ရင်ကို မပျော်တော့တာ၊ EDM ပွဲတွေ အမြဲတက်ရင်း ကခုန်ပျော်ပါးနေရတဲ့ ခံစားချက်ကို သဘောကျလာတာ၊ K လေးသုံးပြီး ရီဝေဝေနဲ့ တေးဂီတသံစဉ်အောက်မှာ စိတ်လွတ်ကိုယ်လွတ် ပျော်ပါးနေရတဲ့ ခံစားချက်ကို ပိုသဘောကျကြသလို လက်တည့်စမ်းရင်းနဲ့မှ ကြိုက်ပြီး စွဲသွားကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီလိုမျိုး Night Life မှာ ပျော်ပါးကြသူတွေဟာ ညအိပ်ဖို့ကို သိပ်ပြီးဂရုမစိုက်တော့ဘဲ ပျော်ပါးဖို့အရေးကိုပဲ အာရုံစိုက်လာတတ်ကြပါတယ်။
အကြောင်းရင်း (၃) - ရုပ်ရှင်စီးရီးတွေကို စွဲလမ်းလာခြင်း
အခုခေတ်မှာ အရင်တုန်းကလိုမျိုး ရုပ်ရှင်တစ်ကား၊ စီးရီးတစ်ပိုင်း ကြည့်ရဖို့အတွက်နဲ့ ခွေဆိုင်တွေ ပြေးရ၊ ရုပ်ရှင်တွေ ငှားရနဲ့ လုပ်စရာမလိုတော့ဘဲ အွန်လိုင်းကနေ အလွယ်တကူ ကြည့်လို့ရလာနေပါပြီ။ နေ့ဘက်တွေမှာက အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်သိပ်မကြည့်ဖြစ်တဲ့အခါ ဘာမှလုပ်စရာမရှိဘဲ အသံငြိမ်နေနိုင်တဲ့ ညဘက်လိုအချိန်မျိုးတွေမှာ အွန်လိုင်းဖွင့်ရင်း ရုပ်ရှင်စီးရီးတွေကို ညလုံးပေါက် ကြည့်လာတတ်ကြပါတယ်။ ညဘက်လည်း ဖြစ်နေတဲ့အခါကျ ဘာအလုပ်မှလည်း ထူးထူးထွေထွေ လုပ်စရာမလိုဘဲ မုန့်လေးစား၊ အိပ်ရာမှာ လှဲရင်း ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် ထိုင်ကြည့်ရင်းကနေ အချိန်ကုန်လို့ကုန်မှန်းမသိဘဲ ညအိပ်ချိန်ကျော်လွန်လို့ မနက်ဘက်အထိတောင် ရောက်လာတော့တာပေါ့။
ဒါဆို ညမအိပ်ဘဲ နေရင် ဘာကျန်းမာရေးပြဿနာမှ မဖြစ်တော့ဘူးလား?
မဖြစ်ဘဲတော့ မနေပါဘူး။ အဓိက ညအိပ်ချိန်ဆိုတာ ကျန်းမာရေးအပေါ် အများကြီးသက်ရောက်မှုရှိသလို ကိုယ်တွင်းအင်္ဂါတွေ၊ ဆဲလ်တွေ၊ တစ်ရှူးတွေ ပျက်စီးတာ၊ အားကုန်ခမ်းတာတွေကို ပြန်လည်ပြုပြင်ပေးဖို့၊ လိုအပ်တဲ့ အားအင်တွေကို ဖြည့်စွက်ပေးဖို့၊ အများကြီး လုပ်ပေးပါတယ်။ ငယ်ရွယ်သန်စွမ်းနေတဲ့ အရွယ်ကောင်းဖြစ်လို့ ညမအိပ်တာကို ဘာပြဿနာမှမရှိဘူးလို့ ထင်ရပေမယ့် တဖြည်းဖြည်း ကြာလာတာနဲ့အမျှ -
- ကိုယ်ခံအားကျဆင်းလာမယ်
- ကျန်းမာရေးထိခိုက်လာမယ်
- မှတ်ဉာဏ် အားနည်းလာမယ်
- တွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း ကျဆင်းလာမယ်
- ကြွက်သား အားနည်းလာမယ်
- ခန္ဓာကိုယ် အဝလွန်လာမယ်၊ ဒါမှမဟုတ် ပိန်ကျသွားမယ်
- အစာစားချင်စိတ် နည်းသွားမယ်
- အမြင်အာရုံ ထိခိုက်လာနိုင်ပါတယ်
- စိတ်ဖိစီးမှု ပိုများလာမယ်
- ဟော်မုန်းမျှခြေ ပျက်ယွင်းလာမယ်
- ကိုယ်တွင်းအင်္ဂါတွေရဲ့ Function အားနည်းလာမယ်
- ရောဂါပေါင်းစုံ ဝင်လာနိုင်ပါတယ်။
ဒါကြောင့် ဘယ်လိုအကြောင်းပဲရှိနေပါစေ၊ ကိုယ့်ရဲ့ ညအိပ်ချိန်ကို မလစ်ဟင်းစေဘဲ ပုံမှန်တစ်ရက် ညအိပ်ချိန် အနည်းဆုံး (၇) နာရီတော့ ရအောင် အိပ်စက်အနားယူဖို့ အရေးကြီးပါတယ်။ အကယ်လို့ ကိုယ့်မှာ အိပ်စက်မှုနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်